Oh His Name is Diogo
ဒီရက်ထဲ ဘောလုံး ရပ်ဝန်းမှာ ဝမ်းနည်းစရာ သတင်းတပုဒ် ထွက်ပေါ်လာခဲ့၏။ ကြားကြားချင်း အားလုံးလည်း ရှော့ရသွားကြ၏။ Liverpool နှင့် Portugal လက်ရွေးစဉ် ကစားသမား Diogo Jota ကွယ်လွန်သွားသည့် သတင်း ဖြစ်၏။ Jota နှင့် သူ၏ ညီ Andre Silva တို့ မောင်းနှင်လာသည့် ကားက ကားတစီးကို ကျော်တက်စဉ် ကားတာယာပွင့်သွားပြီး လမ်းဘေးသို့ ထိုးဆင်းတိမ်းမှောက်ကာ မီးလောင် ပျက်စီးသွားခြင်း ဖြစ်၏။ နှစ်ယောက်လုံး သေဆုံးသွားခြင်း ဖြစ်၏။
အဆိုပါ ယာဉ်မတော်တဆ ဖြစ်ရပ်သည် Spain, Zamora မှာ ဒေသ စံတော်ချိန် ညသန်းခေါင်ကျော် မနက် ၁၂ နာရီခွဲ ဝန်းကျင်မှာ ဖြစ်သွားခဲ့သည် ဆို၏။ Jota ၏ ညီသည်လည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားတဦး ဖြစ်သည် ဆို၏။ Jota သည် June 22 ရက်နေ့မှာ ပူပူနွေးနွေး လက်ထက် ထားသူ ဖြစ်၏။ ကလေး ၃ ယောက်လည်း ရှိ၏။
United fan ပေမယ့် ကျန်အသင်းများကို မုန်းနေတာမျိုး ကျနော့်မှာ မရှိပေ။ မြို့ခံ ပြိုင်ဘက် City, England Derby Liverpool ဆိုပြီး ရှိပေမယ့် အဆိုပါ အသင်းတွေကို လေးစားမှု အပြည့် ရှိပါ၏။ အထူးသဖြင့် Liverpool ၏ You will never walk alone ဆိုသည့် ဆောင်ပုဒ်ကို အတော်လေး သဘောကျမိ၏။ Gerrard, Owen တို့ကစလို့ နောက်ပိုင်း Liverpool ကစားသမား တော်တော်များများကို သဘောကျပါ၏။
Diogo Jota ဆိုရင်လည်း ကျနော် သဘောကျသည့် ကစားသမားထဲမှာပါ၏။ ကျနော်တောင် ခုလို ခံစားနေရတာ၊ Liverpool fan တွေဆိုရင် ဆိုဖွယ်ရာ ရှိတော့မည် မဟုတ်ပေ။ Jota ၏ မိသားစုဝင်တွေဆိုရင်လည်း ဒီအချိန်မှာ အတော်လေး ဝမ်းနည်းခံစားနေကြရပေလိမ့်မည်။ ခင်ပွန်းသည် ဆုံးရှုံးခဲ့ရသည့် ဇနီး၊ သားနှစ်ယောက်လုံးကို တချိန်ထဲမှာ ဆုံးရှုံးခဲ့ရသည့် မိခင်တို့၏ ရင်ထဲ ဘယ်သို့ ဘယ်ပုံ နေကြမည်နည်း။ အတွေးနဲ့တင် မောနေမိပါ၏။
Portugal အတွက်ကော၊ Liverpool အတွက်ကော ကြီးမားသည့် ဆုံးရှုံးမှုကြီးပင်။ Jota ကွယ်လွန်မှုအပေါ် အားကစားနယ်ပယ်မှ အသင်း၊ အစုအဖွဲ့တွေက ဝမ်းနည်း ခံစားရကြောင်းကို ပုံစံအမျိုးမျိုးဖြင့် ဖော်ထုတ်ပြသကြလေ၏။ ကျနော်တို့ အားလုံး Jota ကို မှတ်မိနေကြမှာ အသေအချာပါပဲ။ အေးချမ်းစွာ အနားယူပါတော့ Diogo ရေ။
!PIZZA
!MEME
Credit: burn-cent
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!