မိုးနဲ့ မီး
မိုးက နေ့တိုင်း ရွာနေ၏။ နေ့တိုင်းဆိုပေမယ့် တနေကုန်တော့ မရွာပေ။ နာရီပိုင်းလောက်သာ ရွာ၏။ နာရီပိုင်း ဆိုပေမယ့်လည်း တော်တော်ကြီး ရွာ၏။ ရေပါ၏။ ကျောင်းဆင်း ကျောင်းတက်ချိန် မရွာတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။ နေ့တိုင်းကြီး ရွာနေလို့ အင်းထဲက သူငယ်ချင်းကို စိတ်ပူလို့ လှမ်းမေးတော့ အဆင်ပြေသည် ဆို၏။ အင်းရေ ထမတက်၊ မတိုးလာတော့ဘူးဟု ဆို၏။ ဒီလိုဆိုရင်တော့ မဆိုးပေ။
ပုံမှန် ရွာနေကြမိုးလို ပုံမှန် ပြန်ဖြစ်သွားတာက လျှပ်စစ်မီး ဖြစ်၏။ အရင်လို အကြာကြီးပျက် အကြာကြီး မလာ ပြန်ဖြစ်သွားခဲ့၏။ တလောတုန်းက ဘာကြောင့်ရယ် မသိ မီးတွေ မှန်မှန်လာ၏။ ပျက်ရင်လည်း ခဏပဲ ပျက်၏။ မီးတွေ မှန်မှန်လာနေလို့ နေတောင် မနေတတ်တော့ပေ။ ခုတော့ ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီ။ ဘဘကြီး လက်ထက်ရာ အရာရာက ကောင်းရင်လည်း ခဏတာပင်။ ပိုဆိုးဖို့ ခဏကောင်းတာဟုပင် ပြောရပေလိမ့်မည်။
ခုတလော ထိုင်းဇာတ်လမ်း ခေတ်စားနေ၏။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ ပဋိပက္ခကြောင့် ခမာတို့ အိမ်ပြန်ကုန်ကြသဖြင့် ထိုင်းမှာ အလုပ်တွေ ပေါ၊ ပိုနေသည် ဆို၏။ ခွန်ထိုင်းတို့ ဆီ မြန်မာတွေ ထပ်သွားကြလေကုန်၏။ အများစုကတော့ အောက်လမ်းကနေပေါ့။ တရားဝင် လမ်းကြောင်းက သွားရခက်သည် မဟုတ်လား။ အဆင်ပြေပြေ ရောက်သွားသူတွေလည်း ရှိသလို၊ အဆင်မပြေဖြစ် အဖမ်းခံရသူတွေလည်း ရှိ၏။ တပူပေါ် နှစ်ပူဆင့်ကြရသည့် ဘဝတွေပင်။
မလွယ်ကူတာကတော့ အားလုံးပင်။ မလွယ်တာတွေ့ရင် ပိုခက်တဲ့ ဘဝတွေကို ငဲ့ကြည့်ရင်း ကြိုးစားဖြတ်ကျော်နေကြရ၏။ တောင့်ခံနိုင်သလောက် ခံကြရင်း မခံနိုင်တဲ့ တနေ့မှာ အချို့တွေက ကိုယ့်အသက်သွေးကြောကို ကိုယ့်ကိုသာ ဖြတ်လိုက်ကြ၏။ ကိုယ့်ကို အဆုံးစီရင်မှုတွေလည်း ဒီနှစ်အပိုင်းအခြားမှာ ပိုလို့ တိုးလာခဲ့၏။ မိမိ ကိုယ့်ကို အဆုံးစီရင်မှုမှ မဟုတ်ပါဘူးလေ။ မတရား ဖမ်းဆီး သတ်ဖြတ်ခံရသူတွေလည်း မနည်းပေ။ ဘယ်နေရာ ကြည့်ကြည့် ဒုက္ခ ပင်လယ် ဝေနေကြသူတွေ ချည်းပင်။
အဆိုးထဲက အကောင်းကို ရှာကြံရင်း ကြုံလာသမျှ ဘေးကို ခါးစည်းခံ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့သူတွေကိုတော့ ချီးကျူးမိပါရဲ့။ ဒူပေနာပေ ခံနိုင်မှလည်း ဒီကာလကြီးကို ဖြတ်ကျော်နိုင်မည် မဟုတ်ပါလား။ ကြပ်သထက် ကြပ်၊ ခက်သထက် ခက်လာတဲ့ အခြေအနေ အချိန်ကာလတွေပင်။ အဆိုးတွေ ပြီးရင် အကောင်းလာမှာပါလေ ဆိုသည့် စိတ်တွေနဲ့ အားတင်းရင်း ဖြတ်ကျော်လာခဲ့ကြတာ ဒီထိ ရောက်လာခဲ့ကြပြီ။ တင်းထားသည့် စိတ်လေး မပြိုပျက်သွားဖို့ ကျားကန်ထားနေရပြန်သေး၏။
ဘယ်ထိ မြန်ကာ၊ ဘယ်လောက် မာပေးရဦးမှာလဲ။ ရွှေမြန်မာတွေရဲ့ ရွှေရောင်နေ့ရက်တွေက အတိတ်မှာပဲ ကျန်ခဲ့တော့မှာလား။ ထပ်မရောက်လာနိုင်တော့ဘူးလား။ အရိပ်မလာခင် နေပူကစောင့်ခဲ့တာ ခေါင်းတွေကိုက် အသားတွေလည်း လောင်လှပါပြီလေ။ မည်သို့ပင် ဆိုစေကာမူ အဆိုးလောကဓံကို ကြံ့ကြံ့ခံရင်း အကောင်းလောကဓံကို ကြိုလင့်ကြတာပေါ့။
အခုထိတော့ တောင့်ထားတုန်း။
!LOLZ
!MEME
lolztoken.com
That was a very fuelish thing to do.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!
ကြိုးစားနေရတာပါပဲဗျာ။