The Books I Read

စာ မဖတ်ဖြစ်တာ ကြာခဲ့ပြီ။ ဖတ်စရာ စာအုပ် မရှိ၍ မဟုတ် စာအုပ်တွေက ရှိတယ်။ ကျနော် ကိုယ်၌ကကို မဖတ်ဖြစ်နေတာ။ စာတွေ တော်တော်ဖတ်ဖြစ်နေချိန်တုန်းက ဝယ်ထား စုထားသည့် စာအုပ်တွေ အတော်အသင့် ရှိနေပါသေး၏။ ဖတ်စရာ ရှိနေရဲ့နဲ့ကို မဖတ် ဖြစ်နေခြင်း ဖြစ်၏။ ဘယ်အရာတွေက စာမဖတ် ဖြစ်အောင် ကျနော့်ကို တွန်းပို့ခဲ့သည်တော့ မပြောတတ်ပေ။ ကိုယ့်ကို လက်ညှိုးမထိုးဘဲ အခြားတပါးသော အကြောင်းအရာပြရရင် Phone & Social media တွေကြောင့်ဟုသာ ပြောရပေလိမ့်မည်။ အဓိပ္ပာယ် မရှိသည့် အကြောင်းပြချက်ပေါ့။
စာမဖတ်ဖြစ်တာ ကာလရှည်ကြာခဲ့သည့် ကျနော် မနေ့က စာအုပ်တအုပ်ကို တထိုင်ထဲ ဖတ်ဖြစ်သွား၏။ စာအုပ်က တဆက်ထဲ မနားတမ်း ဖတ်ဖြစ်အောင် စွဲဆောင်သွားလို့လည်းပါ၏။ ဒါပေမဲ့ ဖတ်နေရင်း ၂ ကြိမ်၊ ၃ ကြိမ်လောက် နားလိုက်ရသည့် နေရာလည်း ရှိ၏။ ရင်နင့် ဝမ်းနည်း စေသောကြောင့် ဖြစ်၏။
ဖတ်ဖြစ်တဲ့ စာအုပ်က Big Bag Band က အဆိုအရေးအတီး ပန်းချီ ကာတွန်း စာရေး စွယ်စုံရသည့် ဟန်ထူးလွင်ခေါ် ကျားပေါက် ဖြစ်လေတော့၏။ သီချင်းဖက်မှာတော့ ကျနော် Big Bag သီချင်းတွေ အတော်လေး ကြိုက်နှစ်သက်၏။ စာအုပ်ဖက်မှာတော့ ထိုမျှထိ မဟုတ်သေးပေ။ မဟုတ်သေး ဆိုတာကလည်း ကိုကျား စာအုပ်တွေ အများကြီး မဖတ်ရသေးတာလည်း ပါလိမ့်မည်။ ကိုကျား စာအုပ်တွေထဲ ကျနော် ပထမဆုံး ဝယ်ဖြစ်တာက ကာတွန်း စာအုပ် ဖြစ်၏။ နာမည်တော့ မမှတ်မိတော့။ ( စာအုပ်ပုံထဲ ထရှာပြီး နာမည် ရေးပြလို့ရပေမဲ့ ပျင်းကြောထူရင် ကျနော်က အဲ့လိုပင်။)
ခုဖတ်နေတဲ့ စာအုပ်က သူငယ်ချင်းက ငှားပေးထားခြင်း ဖြစ်၏။ တအုပ်ထဲ မဟုတ် နှစ်အုပ် ဖြစ်၏။ ကျနော် ကိုကျားကို နှစ်သက်အားပေးမှန်း သိလို့ သူငယ်ချင်းက ပေးငှားထားခြင်း ဖြစ်၏။ သူ ငှားပေးထားတာက ကြာပြီ ကျနော်က မဖတ်ဖြစ်နေသေးတာ။ မျက်စိရှေ့မှာတင် အဆိုပါ စာအုပ် နှစ်အုပ် ရှိနေခဲ့၏။ ကျနော်က ယောင်လို့တောင် မကိုင်မိပေ။ Giants on my shoulders နှင့် The Odyssey ဖြစ်၏။

နှစ်အုပ်လုံးကို နှစ်သက်ပေမဲ့ The Odyssey ကို ပိုသဘောကျ၏။ အာဏာသိမ်း ကာလ အစကနေ လက်ရှိ နေထိုင်တဲ့ ပြင်သစ်ထိ ခရီးကြမ်း၊ ခရီးရှည်ကြီးကို ဘယ်လို ဘယ်ပုံ ဖြတ်သန်းခဲ့ရကြောင်း ရေးသားထားခြင်း ဖြစ်၏။ Giants on my shoulders ကို အရင်ဖတ် ဖြစ်၏။ သီချင်းနှင့် တေးဂီတဝိုင်းတွေအကြောင်း ဆိုတော့ ကျနော့် အတွက် အနည်းငယ် စိမ်း၏။ International band တွေ ထဲမှာ ကျနော် သိသည့် band တွေက လက်ချိုးရေလို့ ရ၏။ ပြီး ဘာသာ စကားကြောင့်လည်း ထင်ပါရဲ့ ကျနော် နားထောင်ဖြစ်သည့် Global သီချင်းက အတော်လေး နည်းလှ၏။
The Odyssey ကို ဖတ်ဖို့ရာ အရှိန် အတော်ယူလိုက်ရ၏။ အချိန် မဟုတ် အရှိန် ဖြစ်၏။ ကျနော့်မှာ အချိန်ပေါ၏။ ဘာမှ မလုပ်နေဘဲကိုး။ အားနေပေမဲ့ ဒီစာအုပ်ကို မဖတ်ရဲ ပင်ပန်းဆင်းရဲ နာကျင်မှုတွေ ပါနေမှာကိုး။ ဒီကာလကြီးမှာ လူက မာကြော ကြွပ်ဆတ် လာတယ် ဆိုပေမဲ့ အသည်းက မမာနိုင်ပေ။ တော်ရုံနဲ့ ခံစားမိနေ၏။ အသက်ကြီးလာလို့ပဲလား နှလုံးသား ပိုနူးညံ့လာလို့ပဲလားတော့ ကျနော် မပြောတတ်ပေ။ ဒါပေမဲ့ အရင်ထက် ပို၍ ကိုယ်ချင်းစာ တတ်လာခဲ့တာကိုတော့ ဝန်ခံရပေလိမ့်မည်။
အစောပိုင်း အချိန်မှာ ခုစာအုပ်ကို ဖတ်မိရင် ကျနော် ပိုပြီး ရင်နင့်သွားနိုင်၏။ အချိန်တခုအရောက် အရှိန်ယူပြီး ဖတ်ဖြစ်သွားလို့သာ။ ဒါလည်း မရပါဘူး ခံစားရတာပါပဲ။ ဘာပဲ ပြောပြော စာမဖတ် ဖြစ်နေကြာနေသည့် ကျနော် ကိုကျား၏ စာအုပ်တွေနဲ့ စာပြန် ဖတ်ဖြစ်ခဲ့လေပြီ။ ကျေးဇူးပါ အားကျူ ရေ ....
ဖုန်းနဲ့ တီဗီကြည့်နေရတာနဲ့ စာအုပ် မဖတ်ဖြစ်တာ
အတော်ကြာပြီ။
!PIZZA
!MEME
တူတူပါပဲဗျ။
စာပြန်ဖတ်ဖို့ အတော်လေး အရှိန် ပြန်ယူလိုက်ရတယ်။
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Join us in Discord!