ဆောင်းမိုး

အချိန်အခါ မဟုတ် မိုးရွာ၏။ မနက်ခင်း ၂ နာရီလောက် ဖြစ်မယ် ထင်၏။ ခပ်ဖွဲဖွဲ မဟုတ် တော်တော်ကြီးကို ရွာခြင်း ဖြစ်၏။ မိုးတွင်းကြီး မိုးကြီးရွာသည့်နှယ်။ မိုးတိမ် မိုးသား မိုးရွာမယ့် လက္ခဏာမရှိဘဲ ထရွာခြင်းမျိုး ဖြစ်၏။ မနေ့က နေ့လည်ခင်းလောက်က စလို့ လေကြမ်းတွေ တိုက်တာ သတိထားမိ၏။ ဆောင်းလေကြမ်း ဆိုပေမဲ့ ယခင်ရက်တွေထက်ကို လေက ကြမ်းတမ်းစွာ တိုက်ခတ်နေသလိုပင်။ မိုး အနည်းငယ် အုံ့မှိုင်းနေပေမဲ့ ယခင်လည်း ခုလို မကြာခဏ အုံ့နေကြ ဖြစ်၏။

မနေ့ ညနေက Futsal သွားကန်၏။ ကစားပြီး ရေချိုး အပြန် ညဈေးတန်းမှာ သူငယ်ချင်းနှင့် ဆိုင်ထာကာ ဂိမ်းဆော့၏။ ည ၉ နာရီကျော်တော့ ပြန်လာခဲ့၏။ ထိုအချိန်ထိ ရာသီဥတုက အကောင်းကြီး။ လပြည့်ကျော်ခဲ့တာလည်း ကြာပြီဆိုတော့ လရောင်တော့ မမြင်ရပေ။ မိုးအုံ့နေတာလည်း ဖြစ်ကောင်း ဖြစ်မည်။ အိမ်ပြန်ရောက် ထမင်းစား တအောင့်နေတော့ အိပ်ရာဝင်၏။

မိုးကြီး ရွာချိန် မိုးသံကြောင့် လန့်နိုးလာခဲ့၏။ မိုးရွာနေချိန် နိုးတဝက် အိပ်တဝက် ဖြစ်နေခဲ့၏။ အတော်လေး အချိန်ကြာကြာ ရွာသွားသည်ဟု ဆိုရမည် ဖြစ်၏။ မနက်ခင်း အိပ်ရာနိုးတော့ မြေကြီးတွေက ရေအတော်လေး ဝနေ၏။ မိုးရေ ဘယ်လောက်များများ ရွာချသွားသည်ကို မှန်းဆလို့ ရ၏။

မနက်ခင်း ၆ နာရီမှာ မိုးက ထရွာချဖို့ ပြင်လာပြန်၏။ ခပ်ဖွဲဖွဲပါ။ ကိုရင်တွေ ဆွမ်းခံကြွချိန်နီးမှ မိုးက နှောက်ပြီ။ ကံကောင်းချင်တော့ တိတ်သွား၏။ မိုးကတော့ အုံ့နေဆဲပင်။ ထမင်း မဝသေးသည့် လူတယောက် ထပ်စားဖို့ ပြင်နေသလို ရွာချရတာ မဝသေးဘူး ထပ်ရွာဦးမှာဟု တေးထားသလိုပင်။ အဘယ့်ကြောင့် အချိန်အခါ မဟုတ် မိုးရွာသည်ကိုတော့ မသိပေ။ သတင်းလေး ဘာလေး ရှာဖွေ ဖတ်ရှု ကြည့်ပါဦးမည်။



0
0
0.000
2 comments
avatar

မိုးရွာတော့ ဖုန်တွေ သိပ်တာပေါ့။ သစ်ပင်တွေလည်း
စိမ်းစိုသွားတာပ။
!LOLZ
!MEME

0
0
0.000
avatar

အင်း တဖက်က ကြည့်တော့ အဲ့လို၊ တဖက်က ကြည့်ပြန်တော့ စိုက်ပျိုး ရိတ်သိမ်းချိန် အဆင်မပြေမှုတွေ ဖြစ်နိုင်။

0
0
0.000