ပျော်ရွှင် အေးငြိမ်းရာ

အမေသည် သီးပင်စားပင် သစ်ပင်ပန်းမံ စိုက်ပျိုးရတာ ဝါသနာပါသူ ဖြစ်၏။ အိမ်ရှိ အပင် အားလုံးနီးပါးကို အမေ စိုက်ထားခြင်း ဖြစ်၏။ တချို့အပင်တွေလောက်သာ ကျနော် ကူစိုက်ပေးရတာမျိုး ရှိ၏။ ပိန္နဲသီး၊ သံပုရာ၊ ထောပတ်၊ မန်ကျည်း အစရှိသည့် အပင်တွေလည်း ပျိုးထားလေ့ ရှိ၏။ ဝယ်စားခြင်း၊ လက်ဆောင်ရခြင်းကနေ စားကောင်းသည့် အသီးအနှံပါရင် နောင် ပြန်စိုက်ဖို့ ဆိုပြီး အမေ မျိုးစေ့ ယူထားလေ့ ရှိ၏။ ဖရုံသီးတို့ ဘာတို့လည်း ထို့အတူပင်။ စားကောင်းပြီး စေးသည်ဆိုရင် မျိုးချန်ထားလေ၏။
အပင် သေးသေး ကြီးကြီး အမေက မျိုးယူကာ ပျိုးယူလေ့ ရှိ၏။ နောင် စိုက်ဖြစ်၊ မဖြစ်တာထား ပျိုးယူထား၏။ စိုက်ချင်သည့်အခါ အရန်သင့် ဖြစ်နေအောင်ပေါ့။ အမေတင် အပင်စိုက် ဝါသနာပါသည် မဟုတ်၊ ကျနော့် ဦးလေး အမေ့မောင်သည်လည်း အပင်စိုက်ခြင်းကို ဝါသနာ ထုံလေ၏။ တချို့ ပျိုးပင်လေးတွေကတော့ မြေပေါ် ချ၍ စိုက်နိုင်သည့် အရွယ် မရောက်ခင်မှာပင် ပျက်စီး သွားရတာမျိုးလည်း ရှိ၏။ ခု စားနေရသည့် ပိန္နဲ၊ သရက် တို့သည် တချိန်က စိုက်ပျိုးထားခဲ့သောကြောင့် ဖြစ်လေ၏။

မပျိုးယူထားဘဲ သူ့သူ ပေါက်သည့် စားပင်တွေလည်း ရှိသေး၏။ သူ့ရာသီ သူ့ အချိန် ရောက်ရင် ပြန်ပြန် ပေါက်လာလေ့ ရှိ၏။ အထူးသဖြင့် တရုတ်နံနံနှင့် မြင်းခွာရွက်တို့ ဖြစ်၏။ ဒါတောင် တရုတ်နံနံက ယခင်လောက် သိပ်မပွားလာတော့ပေ။ ယခင်ကဆို ဟိုတစု ဒီတစုနဲ့ အများကြီး ပေါက်လေ့ ရှိ၏။ အမေက ကိုယ့်အိမ် ကိုယ့်ဝိုင်းနဲ့မှ အပင်စိုက်ခြင်း မဟုတ်ပေ။ အိမ်ငှား အနေဖြင့် နေခဲ့တုန်းကကော ဝန်ထမ်းအိမ်ရာ ဝန်းထဲမှာ နေခဲ့တုန်းကကော အပင်တွေ စိုက်ခဲ့၏။ ဝန်ထိမ်း အိမ်ရာ ဝန်းထဲက အမေ စိုက်ထားခဲ့သည့် ဆူကာသီး၊ ပဲလိပ်ပြာ၊ သရက်သီး တို့ ဆိုရင် သူ့ ရာသီချိန် ရောက်တာနဲ့ သီးကြပြီး အများသူငါ ခူးယူ စားသုံးကြရလေ၏။ အမေကား ကုသိုလ်တွေ အတော် ရပေလိမ့်မည်။
ခုနောက်ပိုင်းတော့ အမေလည်း ဒူးသိပ်မကောင်းလို့ ယခင်လောက် အပင်တွေ သိပ် မစိုက် ဖြစ်တော့ပေ။ ယခင်က ခပ်စိပ်စိပ်လေး ပေါင်းသင် မြေစွ အပင်ပျိုး အစရှိတာတွေကို လုပ်ဖြစ်ပေမဲ့ ခုခါမှ ဝေးဝေးမှ တခါသာ လုပ်နိုင်တော့၏။ တခါတလေတော့ ကျနော်နှင့် ကျနော့်တူ (မြေး) ကို ခိုင်းလေ့ ရှိ၏။ သို့ပေမဲ့ ကိုယ်တိုင် လုပ်ရမှသာ စိတ်တိုင်းကျလေ့ ရှိသည်မို့ သိပ် မခိုင်းပေ။ မည်သို့ပင် ဆိုစေ အမေ့လို အပင်စိုက်ပျိုးနိုင်အောင် ကြိုးစားမယ်လို့တော့ တွေးထား၏။ စိတ်ချမ်းသာရသည် မဟုတ်လား။
အပင်စိုက်ရတာတော့ စိတ်ချမ်းသာတယ်။
ကိုယ့်အပင်လေးတွေကြည့်ရင်း။
!LOLZ
!MEME