ပီပြင်တဲ့ ဆောင်း

avatar

ဒီနှစ်ဆောင်းက ဆောင်းပီသ လွန်း၏။ ဆယ်စုနှစ်အတွင်း သိသိသာသာ အေးသည့် ဆောင်းဟု ဆိုရမည် ထင်၏။ အရိပ်ထဲနေအေး၊ နေရောင်ထဲထွက်တော့ ပူနဲ့ ဆောင်းက ထိုအတိုင်းပင်။ ငြိမ်ငြိမ်နေရင် ပိုအေး၏။ တစုံတခု လှုပ်လှုပ်ရှားရှား လုပ်နေမှ အဆင်ပြေပေလိမ့်မည်။ တပတ် ၃ ကြိမ် Futsal ကန်ရမှ ခုဆို တပတ် ၅ ကြိမ် ကန် ဖြစ်နေ၏။ ဖြစ်ပုံက ဒီလို။

ကျနော်တို့ ကန်နေကြကွင်းက ကွင်းပြင်မယ်ဆိုပြီး တန်ဆောင်တိုင်ပြီးတော့ ရက် ၂၀ လောက် ပိတ်၏။ တန်ဆောင်တိုင် ရက်တွေတုန်းကလည်း ပိတ်တော့ ၁ လ နည်းပါးလောက် ပိတ်သွား၏။ ထိုရက်တွေထဲ လူစုလို့ရသည့် အခြေအနေပေါ် မူတည်ပြီး အခြားကွင်းတွေမှာ သွားကန်ဖြစ်၏။ သူများ ကွင်းဆိုတော့ ကန်နေကြ ရက်အတိုင်း ကန်နေကြ အချိန်တွေ အတိုင်းတော့ မရပေ။ အဆင်ပြေသလို ကစားရ၏။ လူကလည်း စုရလိုက် မရလိုက်နဲ့ ဆိုတော့ ကန်ရက်၊ ကန်ချိန် နည်းသွား၏။

ဖိုးကန်ချင် ကျနော်က ကျနော်တို့ အသင်းမှာ ကစားခဲ့ဖူးသည့် သူငယ်ချင်းတယောက်က လှမ်းခေါ်သဖြင့် သူတို့ အသင်းနှင့် သွား join ဖြစ်၏။ ကျနော်တို့ အသင်းက ညနေ ၆ နာရီ နောက်ပိုင်းမှ ကန်လေ့ ရှိ၏။ အနှီ သူငယ်ချင်းက မြို့ထဲမှာ နေစဉ်တုန်းကတော့ ထိုအချိန်ကန်လို့ အဆင်ပြေပေမယ့် အိမ်ထောင်ကျပြီးနောက် မြို့ပြင်ဘက် ပြောင်းနေတော့ ညမိုးချုပ်ရင် ပြန်ရခက်တော့ ကျနော်တို့နဲ့ လာ မကန် ဖြစ်တော့ပေ။ သူ့ အိမ်နားမှာက စစ်ဆေးရေး ဂိတ်ရှိ၏။ မိုးချုပ်ရင် ပိုစစ်၊ ပိုပြော နေရလို့ နောက်မကျအောင် ပြန်နိုင်ရန် ကျနော်တို့နား မလာ ဖြစ်တော့ပေ။ တခါတလေ ကျနော်တို့ အစောကန်ဖြစ်သည့် အခါမျိုးမှာတော့ သူ လာလေ့ ရှိ၏။

သူက Construction လုပ်ငန်း လုပ်၏။ ပေါင်းသင်းဆက်ဆံရေး ကောင်း၏။ ရိုးသားပြီး စိတ်ထားကောင်း၏။ မိတ်ဆွေပေါ၏။ လုပ်ငန်းထဲက သူ့လို Futsal ကန်နေသည့် လူတွေနှင့် ရင်းနှီးသွားပြီး ခုလို တဖန် ပြန်ကစားဖြစ်ခြင်း ဖြစ်၏။ သူတို့ ကန်ချိန်ကလည်း အစောဖြစ်နေတော့ သူ့ အတွက် အဆင်ပြေသွား၏။ ညနေ ၃၊ ၄ နာရီချိန်တွေ ကန်ဖြစ်ကြ၏။ တခါတလေ ၂ နာရီမှာ ကန်လေ့ ရှိပြန်သေး၏။

သူငယ်ချင်း ခေါ်လို့ သူတို့နဲ့ သွားကစားဖြစ်ပြီး နောက်ပိုင်းမှာလည်း ဆက်၍ ကန် ဖြစ်သွား၏။ ကိုယ်တွေ ကန်နေကြကွင်း ပြန်ဖွင့်ပေမယ့်လည်း သူတို့နဲ့လည်း ရင်းနှီးနေပြီမို့ ဆက်ပြီး ကန်ဖြစ်နေ၏။ ကစားသည့် ရက်မတိုက်နေလို့လည်း ပါ၏။ ရက်တူနေရင်တော့ မလာနိုင်ကြောင်း သူတို့ကို ခွင့်ပန်ထား၏။

ဆိုတော့ကာ နေ့စဉ် ကိုယ်လက်လှုပ်ရှား ဖြစ်နေပြီး ဒီဆောင်းကို ကောင်းကောင်းအံတု နိုင်၏။ နို့ပေမယ့် Futsal ကစားပြီးတိုင်း ရေချိုးနေကြ ဆိုတော့ ယခုဆောင်းအေးပုံနဲ့ ရေချိုးရတာ အတော်အေး၏။ မချိုးဘဲကလည်း မနေနိုင်တော့ ချိုးတာပါပဲ။ ည ၈ နာရီ ကန်ပြီးလည်း ချိုးတာပါပဲ။ အိမ်ရောက်မှရယ် မဟုတ် Futsal ကွင်းမှာတင် ချိုးခြင်း ဖြစ်၏။ ရေက ဘာအေးသလဲ မမေးနဲ့ တချို့ကွင်းမှာတော့ ရေက နေပူမိထားပြီး ညဘက်ထိ နွေးနွေးလေး ဖြစ်လေ့ရှိပေမယ့် တချို့ကွင်းမှကြ တနေကုန် အရိပ်ထဲမှာမို့ သာမန်ထက်ကို ပိုပြီး အေးလေ့ ရှိ၏။ အေးအေး နွေးနွေး ရေကတော့ ချိုးကို ချိုးရမှ။ ကစားလုပ်ပြီး တအောင့်နေ ချိုးတာဆိုတော့ အေးတာ မအေးတာ သိပ်မသိသာတော့ပေ။ ရေလေး ချိုးလိုက်ရမှ လူကလည်း နေလို့ ထိုင်လို့ ကောင်းသည်ကိုး။

ဒီနှစ်ဆောင်းနှင့် ကျနော်ကတော့ လိုက်ဖက်လို့နေ၏။ သူအေး ကိုယ်အေးပေါ့။ ဒီနေ့လည်း Futsal ကန်ရက်မို့ ရေထပ်ချိုးရပေလိမ့်ဦးမည်။



0
0
0.000
2 comments
avatar

အမငီး ညနေ တောင်ကြီးမှာ ရေမချိုးရဲပေါင်ဗျာ။
!LOLZ
!MEME

0
0
0.000
avatar

ကောင်းတယ်
ချိုးကြည့်
😁

0
0
0.000